တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပနေပြီး ကျောက်စိမ်းအရိုင်းတွဲများစွာ ခင်းကျင်းပြသထားကြောင်း သိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင် ၂၂ ရက်တွင် Jiegao International Jade & Jewelry Trade Center ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တက်ရောက်ခဲ့ကြောင်း သိရ သည်။
အခမ်းအနားတွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က မြန်မာ့ကျောက်မျက်ရတနာပြပွဲကိုဖွင့်လှစ်ပေးကြပြီး ခင်းကျင်းပြသထားသော ကျောက်စိမ်းအရိုင်းတွဲများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။ အဆိုပါမြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
Source: https://www.npnewsmm.com